ကင်းမရွာ မီးရှို့ခံရမှု သက်ကြီးရွယ်အို လေးယောက် မီးလောင်သေဆုံး

စစ်ကောင်စီတပ်တွေကို ခုခံတော်လှန်နေတဲ့ မကွေးတိုင်း၊ ပခုက္ကူခရိုင် ပေါက်မြို့နယ်တောင်ပိုင်းက ကင်းမရွာ မှာ စစ်တပ်က ဇွန်လ ၁၅ ရက် မနေ့ညနေပိုင်းက ဝင်ရောက်ပစ်ခတ်ခဲ့ပြီးတဲ့နောက် ရွာကိုပါ မီးရှို့လိုက်တဲ့ အတွက် ထွက်မပြေးနိုင်လို့ ကျန်ခဲ့တဲ့သက်ကြီးရွယ်အို လေးယောက် မီးလောင်သေဆုံးသွားတယ်လို့ လုံခြုံရေး အရ အမည်မဖော်လိုတဲ့ ပေါက်မြို့ဒေသခံတစ်ယောက်က RFA ကို အတည်ပြုပြောပါတယ်။

"ကြားထားတဲ့သတင်းကတော့ လေးဦးလို့ကြားတယ်။ အဖိုး တစ်ယောက်နဲ့ အဖွား သုံးယောက်လို့ သတင်း ရထားတယ်။ အသက် ၈ဝ ကျော် ၉ဝ အရွယ်တွေ။ နာမည်တွေကတော့ သိတဲ့သူပဲသိတယ်။ လေးဦးလုံး အကုန်မသိဘူး။ ဦးမြမောင်ပဲ သိတယ်။ နာမကျန်းဖြစ်ပြီး အိပ်ရာထဲလဲနေတဲ့သူတွေပါတယ်။ သူတို့က ဗြုန်းစားကြီးရောက်လာတော့ ဘယ်လိုမှ ရွှေ့ချိန်သယ်ချိန် မရတော့ဘူး။ ဒါကြောင့် ကျန်နေခဲ့ရတာ။ ဒီလို တွေ မီးရှို့မယ်ဆိုတာလည်း မထင်ထားဘူးလေ။ နောက်ထပ်တော့ မရှိနိုင်တော့ဘူး။ အခုရွာသူရွာသား တွေကို တတ်နိုင်သ၍ ဘေးကိုကယ်ထုတ်ပေးနေတယ်။"

စစ်တပ်က ကင်းမရွာထဲ လာတဲ့အချိန် ရွာအနားမှာ ဒေသခံပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့နဲ့ အပြန်အလှန်ပစ်ခတ်ကြပြီးတဲ့နောက် စစ်တပ်ဘက်က ၁၅ ယောက်လောက် သေဆုံးသွားတဲ့အတွက် ရွာရဲ့ တောင်ဘက်အဆုံးကအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စပြီးမီးရှို့လိုက်တာလို့ အမည်မဖော်လိုတဲ့ ကင်းမရွာသားတစ်ယောက်က ပြောပါတယ်။

“ကင်းမရဲ့အရှေ့ဘက်က ကျောက်ကွေ့နားမှာ စစ်ကောင်စီက ပစ်တာခတ်တာတွေ စလုပ်ပြီး ပြောက်ကျား တပ်ဖွဲ့နဲ့ စစ်ကောင်စီနဲ့ အပြန်အလှန်ပစ်ကြခတ်တဲ့အထဲမှာ စစ်ကောင်စီဘက်က ခုနစ်ယောက်နဲ့ ၁၅ ယောက်လောက်အကျရှိတယ်။ ဒီအနေအထားမှာ ပြောက်ကျားတပ်ကလည်း နောက်ကို ခဏတပ်ခေါက် ထားတဲ့ အနေအထား၊ ရွာသူရွာသားတွေညအကုန်လုံးကလည်း ဘေးလွတ်ရာကို ထွက်ပြေးနေတဲ့အချိန်မှာ စစ်ကောင်စီက ရွာထဲမှာ စာသင်ကျောင်းရဲ့ အရှေ့ဘက်က တဲလေးနဲ့ ကုန်းပေါ်မှာ ကင်းချထားတဲ့ အနေ အထားကနေပြီး စာသင်ကျောင်းအနောက်ဘက် တစ်လမ်းကျော်က ကိုတင်ဝင်းဆိုတဲ့ အိမ်ကိုစပြီး မီးရှို့ တာ။ ကင်းမရွာရဲ့တောင်ပိုင်းကနေစပြီး မီးရှို့တော့ ညထိ အရှိန်အဟုန်ကောင်းကောင်းနဲ့ကို လောင်နေ တာ။"

ဒီပြောဆိုချက်နဲ့ပတ်သက်လို့ RFA က စစ်ကောင်စီပြန်ကြားရေးဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဒီနေ့ ညနေက တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရပါဘူး။

"ဒီလိုတွေ မီးရှို့မယ်ဆိုတာလည်း မထင်ထားဘူးလေ"

အခုလို အဖိုးအဖွား လေးယောက် သေဆုံးရသလို စစ်တပ်ကပစ်လို့ ရွာပြင်မှာ ဆိတ်ကျောင်းနေတဲ့ အသက် ၂၅ နှစ်အရွယ် ကိုချစ်မောင် သေနတ်ကျည်ထိမှန်ပြီး ပေါင်ရိုးကျိုးသွားခဲ့ပေမယ့် ခုချိန်ထိ ဒဏ်ရာကို ဆေးကုမပေး နိုင်သေးဘူးလို့ ကင်းမရွာသားတစ်ယောက်က ပြောပါတယ်။

“သူကဆိတ်ကျောင်းရင်းနဲ့ အိမ်ကို ဆိတ်တွေပြန်သွင်းပြီး ပြေးတာကနေ သူတို့ပြေးတာကို ခွေးက လှမ်း ဟောင်လို့ စစ်သားတွေက လူရှိတယ်ဆိုပြီး ရမ်းပြီး ပစ်ရင်းနဲ့ ပေါင်ကိုမှန်သွားတာ။ မနေ့က ၂ နာရီ ၃ နာရီ လောက်က မှန်တာ။ တောင်ပေါ်ကိုပြေးရာမှာ နောက်ကနေအပစ်ခံရတာ။ ဒဏ်ရာအခြေအနေက မနေ့က ဖြစ်ပြီးကတည်းက အခုထိ ဘာမှလုပ်လို့မရသေးဘူး။ ဒီဘက်မှာ လမ်းပန်းဆက်သွယ်ရေးကလည်း တအား ခက်ခဲတယ်။ မြို့ကိုပို့ဖို့အတွက် ဘယ်ကားမှလည်း ခေါ်လို့မရဘူး။ ခုထိကို ဘာမှမလုပ်ရသေးဘူး။"

ဒီနေ့မနက်ပိုင်းမှာလည်း စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်တွေက စစ်ကား သုံးစီးနဲ့ ကင်းမရွာထဲကို ပြန်ရောက်နေလို့ ရွာကိုပြန်လာကြတဲ့သူတွေ ထပ်ပြီးထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကင်းမရွာသားတွေက ပြောပါတယ်။

kingma-house.jpg
(ကင်းမရွာက မီးလောင်ပြာကျတဲ့ နေအိမ်တွေနဲ့ ပဲခြွေစက်) Photo CJ

ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်ကလည်း ကင်းမရွာနဲ့ ၁၂ မိုင်ခန့်အကွာမှာရှိတဲ့ ဒီးဒုတ်ကွင်းရွာအုပ်ချုပ်ရေးမှူးကို လူတချို့က သေနတ်နဲ့ သွားရောက်ပစ်ခတ်တဲ့အခါမှာ ကျန်ခဲ့တဲ့မော်တော်ဆိုင်ကယ်ရဲ့လိပ်စာကို လိုက်လံ စုံစမ်းခဲ့ပြီး အဲဒီဆိုင်ကယ်က ကင်းမရွာကဖြစ်နေတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အခုလိုလာပြီး အကြမ်းဖက်တာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။

“လွန်ခဲ့တဲ့ ၁၂ ရက်က ပေါက်မြို့နယ် ဒီးဒုတ်ကွင်းရွာမှာ အုပ်ချုပ်ရေးမှူးအိမ်ကို သေနတ်ဖောက်တာတွေ သွားလုပ်တဲ့အနေအထားမှာ ဆိုင်ကယ်တစ်စီးကျန်ခဲ့တော့ အဲဒီကျန်ခဲ့တဲ့ဆိုင်ကယ်က ကင်းမရွာက ဆိုင်ကယ်ဖြစ်နေတယ်။ အဲဒါနဲ့ဆက်စပ်ပြီးတော့ သူတို့ကင်းမရွာကိုဝင်ပြီး ထင်ကြေးနဲ့ အကြမ်းဖက် ခဲ့ကြတဲ့သဘောပဲ။"

မီးရှို့ဖျက်ဆီးခံရတဲ့အတွက် ကင်းမရွာရဲ့ သုံးပုံ နှစ်ပုံဖြစ်တဲ့ အိမ်ခြေ ၂၅ဝ လောက်မီးလောင်ပြာကျသွားပြီး၊ လူဦးရေတစ်ထောင်ကျော် အိုးအိမ်မဲ့ဖြစ်သွားသလို ရွာလုံးကျွတ်နီးစပ်ရာ တောတောင်တွေထဲ ထွက်ပြေးပုန်းခို နေရပါတယ်။